| May Thingyan Hein - Ethnic Affairs Article not Published in Journals |
|
|
|
ဂျာနယ်များတွင် ဖော်ပြခွင့်မရသော တိုင်းရင်းသား ရေးရာ ဆောင်းပါး။by May Thingyan Hein on Thursday, June 23, 2011 at 2:38pm နိုင်ငံရေးပါတီတွေနဲ့ တွေ့ဆုံမေးမြန်းဖြစ်တိုင်း ကျွန်မမှာ တူညီတဲ့ မေခွန်းတစ်ခုကို အမြဲ မေးလေ့ရှိခဲ့ပါတယ်။ `တိုင်းရင်းသား စည်းလုံးညီညွှတ်ရေးအတွက် ဘယ်လို ရည်မှန်းချက်မျိုး ရှိပါသလဲ`ဆိုတဲ့ မေးခွန်းပါပဲ။ အထူးသဖြင့် တိုင်းရင်းသားပါတီတွေက ခေါင်းဆောင်တွေ ဖြေတဲ့အဖြေနဲ့ အခြား နိုင်ငံရေးပါတီက ခေါင်းဆောင်တွေ အများစုကတော့ တိုင်းရင်းသားတွေ အားလုံး စည်းလုံးညီညွှတ်စေချင်တယ်။ ပြည်တွင်းစစ် မဖြစ်လိုဘူး ဆိုတဲ့ တိုင်းရင်းသား စည်းလုံးညီညွှတ်ရေးကို အမှန်တကယ်ကို့ သဘောညီကြတာလည်း တွေ့ရပါတယ်။ ကျွန်မတို့ မြန်မာနိုင်ငံမှာ မြန်မာလူမျိုးက ၆၀% နေထိုင်ကြပြီး အခြားတိုင်းရင်းသားများက ၄၀% ၀န်းကျင်ခန့် နေထိုင်ကြပါတယ်။ မြန်မာပြည်မှာ နေထိုင်ကြတဲ့ တိုင်းရင်းသားပေါင်း ၁၃၅ မျိုး ရှိကြောင်း၊ရှမ်းတိုင်းရင်းသားနဲ့ ကရင်တိုင်းရင်းသားတို့ကတော့ တိုင်းရင်းသားလူမျိုးတွေထဲမှာ လူဦးရေအများဆုံးနဲ့ လူမျိုးကြီးတွေဖြစ်ကြောင်း အကြမ်းအားဖြင့် ယေဘူယျလေ့လာခဲ့ဖူးပါတယ်။ ကျွန်မကိုယ်တိုင်ကလည်း ရှမ်းပြည်နယ်မြောက်ပိုင်းက မြို့လေးတစ်မြို့မှာ ကြီးပြင်းခဲ့သူ ဖြစ်တဲ့အတွက် တိုင်းရင်းသား စည်းလုံးညီညွှတ်ရေးကို စိတ်ဝင်တစား၊ အလေးထားမိခဲ့ပါတယ်။ ကျွန်မငယ်ငယ်တုန်းကတော့ တိုင်းရင်းသားတွေနဲ့ပတ်သက်ပြီး အသိထဲမှာ စွဲနေတာက ၁၉၄၇ ခုနှစ်တုန်းက ချုပ်ဆိုခဲ့တဲ့ ပင်လုံစာချုပ်ပါပဲ။ ငယ်စဉ်က သင်ကြားခဲ့ရတဲ့ မြန်မာ့သမိုင်းမှာလည်း ပါဝင်ခဲ့တယ်၊ ကျက်ခဲ့ မှတ်ခဲ့ဖူးတာကြောင့်လည်းစွဲနေခဲ့ခြင်းဖြစ်ပါလိမ့်မယ်။ ပင်လုံစာချုပ်ကို ရှမ်း၊ ကချင်၊ ချင်း စတဲ့ တိုင်းရင်းသားခေါင်းဆောင်ကြီးတွေအပါအ၀င် တိုင်းရင်းသားပေါင်းစုံပါဝင်ပြီး ချုပ်ဆိုခဲ့ကြရင်း လွတ်လပ်ရေးအတွက် အားလုံး စည်းလုံးပြီး တိုက်ပွဲဝင်ခဲ့ကြတယ်၊ အဲဒါကြောင့်လည်း လွတ်လပ်ရေးကို ရရှိခဲ့ကြောင်း မှတ်ခဲ့ရပါတယ်။ ၁၉၄၈ခုနှစ် ဇန်န၀ါရီလ ၄ ရက်နေ့မှာ မြန်မာနိုင်ငံ လွတ်လပ်ရေး ရရှိခဲ့ပါတယ်။ လွတ်လပ်ရေးရရှိပြီးကာလတုန်းကလည်း တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးဟာ စိတ်ဝင်စားဖို့ကောင်းတဲ့ မြန်မာနိုင်ငံရေးဖြစ်စဉ်တွေ ဖြစ်ခဲ့တယ်လို့ ရှေ့မီနောက်မီ လူကြီးများရဲ့ ပြောပြချက်တွေကြောင့် စိတ်ဝင်စားခဲ့မိပါတယ်။ ဒါ့အပြင် တိုင်းရင်းသားထဲက အချို့က လက်နက်ကိုင်သွားခဲ့တာတွေကိုလည်းတွေကိုလည်း ၁၉၄၈ခုနှစ်မြန်မာပြည်ဒိုင်ယာရီ(မြဟန်)၊ ရှာရှာဖွေဖွေ မြန်မာ့သမိုင်းအတွဲ၂၊ စတဲ့ စာအုပ်တွေကို ဖတ်မိခြင်းအားဖြင့် သိခဲ့ရတယ်။ ၁၉၄၈ ခုနှစ်နောက်ပိုင်းမှာ စတင်ပြီး ဗမာပြည်ဟာ တိုင်းရင်းသားတွေနဲ့ အဆင်မပြေမှုတွေ ဖြစ်ပွားခဲ့ပြီး စည်းလုံးညီညွှတ်ခြင်းကို ပျက်ဆီးစေခဲ့တာပါပဲ။ တကယ်တော့ ပင်လုံစာချုပ်ဆိုတာကတော့ တိုင်းရင်းသားခေါင်းဆောင်တွေရင်ထဲမှာ စွဲခဲ့တဲ့ စာချုပ်ပါ။ ပင်လုံစာချုပ်ထဲက အတိုင်း ပြည်နယ်ပြည်မ အခွင့်အရေးတန်းတူ ရကြလိမ့်မယ်လို့လည်း ရှေးကတည်းက ထင်မှတ်ခဲ့ကြတာပါ၊ ဒါပေမဲ့ ခုချိန်ထိ ဖြစ်မလာသေးဘူးလို့ တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ ဆုံတိုင်း ရင်ဖွင့်စကားကြားခဲ့ရပါတယ်။ ပင်လုံစာချုပ်အတိုင်းသာဆို ပြည်နယ်ပြည်ပ အေးချမ်းလိမ့်မယ်၊ တိုင်းရင်းသားလက်နက် ကိုင်တိုက်ပွဲတွေ ဖြစ်လာစရာ မရှိပါဘူးလို့ ချင်းအမျိုးသား တိုင်းရင်းသားခေါင်းဆောင် တစ်ဦးဖြစ်တဲ့ ဦးကျင်ရှင်းထန်ကလည်း ပြောခဲ့ဖူးပါတယ်။ ၁၉၅၇ကနေ ၁၉၆၀ ကာလတွေမှာ တိုင်းရင်းသားအဖွဲ့တွေဟာ တစ်ဖွဲ့ပြီး တစ်ဖွဲ့လက်နက် ကိုင်ခဲ့ကြတယ်လို့ သမိုင်းမှတ်တမ်းတွေအရ သိရပါတယ်။ ဘာကြောင့်လက်နက်ကိုင်ခဲ့တာလည်း ဆိုတာကို ဟိုအရင်တုန်းကတော့ နားမလည်ခဲ့ပါဘူး၊ ဒါပေမဲ့ လက်နက် ကိုင်ရလောက်တဲ့ အကြောင်းရင်းတွေ ရှိနေခဲ့မယ်ဆိုတာကိုတော့ ခန့်မှန်းမိခဲ့ပါတယ်။ ကျွန်မကတော့ ငယ်စဉ်ကတည်းက ရှမ်းပြည်နယ်မှာ နေထိုင်ကြီးပြင်းခဲ့ရသူ ပီပီ တိုင်းရင်းသားတွေရဲ့ ဖြူစင်ရိုးသားမှုကို ယုံကြည်ခဲ့သူ ဖြစ်တယ်။ သူတို့ မျက်လုံးတွေကို ကြည့်ပြီး သူတို့ စကားတွေကို နားထောင်ပြီး သူတို့လုပ်ရပ်တွေကို မြင်ရပြီး သူတို့ကို မောင်နှမ သွေးချင်းလိုပဲ မြင်ခဲ့ပါတယ်။ မြန်မာပြည်မှာ ကြီးပြင်းခဲ့ကြ၊ လွတ်လပ်ရေးတိုက်ပွဲကို အတူတကွ ပါဝင်ခဲ့ကြတဲ့ မောင်နှမ သားချင်းတွေပဲ ဆိုတဲ့ အသိက စွဲမြဲခဲ့တယ်။ ငယ်စဉ်ကာလတွေမှာ သူတို့တွေရဲ့ တိုင်ပြည်အပေါ်ထားတဲ့ စိတ်စေတနာတွေကိုလည်း မြင်ခဲ့ရပါတယ်။ ပြည်တွင်းစစ်ဆိုတာကို အောက်ပြည်အောက်သူတွေ ကြောက်ကြသလို တိုင်းရင်းသားတွေကလည်း ကြောက်ကြပါတယ်။ စစ်ဆိုတာ အသံမကြားခင်၊ တိုက်ပွဲဆိုတာ မဖြစ်ချင်ကြပါဘူး။ ၁၉၈၉ ခုနှစ်မှာ ဗိုလ်ချုပ်ခင်ညွှန်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ တွေ့ပြီး ငြိမ်းချမ်းရေး ကမ်းလှမ်းခဲ့တယ်၊ အဲဒီကမ်းလှမ်းချက်ကြောင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၇ ဖွဲ့က ငြိမ်းချမ်းရေးယူခဲ့ကြကြောင်း မြန်မာ့အလင်းသတင်းစာနဲ့ ကြေးမုံသတင်းစာပါ သတင်းတွေအရ သိရဖတ်ရတော့ ရိုးရိုးသားသား ၀မ်းသာခဲ့မိပါတယ်။ ပြည်နယ်တွေမှာ ယခင်ကထက်ပိုပြီး အေးချမ်းဖို့ ဖွံ့ဖြိုးတိုးတက်စေဖို့အတွက် အခွင့်အလန်းတွေရှိလာခဲ့တာကိုလည်း ကြားရတဲ့အတွက် ၀မ်းသာခဲ့ရပါတယ်။ ၁၉၉၃ လောက်မှာ ရန်ကုန်မြေပေါ် ခြေချခဲ့ပေမဲ့ ပြည်နယ်တွေရဲ့ ဖွံဲ့ဖြိုးမှု သတင်းတွေကို အမြဲနားစွင့်နေခဲ့မိတယ်။ ကျွန်မတို့ ၇ှမ်းပြည်နယ်မှာ ရှိခဲ့တဲ့ သမိုင်းဝင် ဂုတ်ထိတ် တံတားကို ဘယ်အချိန်မှာများ ပြန်လည် ပြုပြင်ပေးမလဲ၊ တကယ့်ကို နိုင်ငံခြား ခရီးသွားဧည့်သည်တွေကို စွဲဆောင်လို့ရတဲ့ တံတားပဲ ဆိုတာလည်း သိထားတော့ နိုင်ငံတော် ၀င်ငွေ တိုးစေမယ်လို့လည်း မျှော်လင့်ခဲ့ပါတယ်။ ခုတော့ ဂုတ်ထိတ်တံတားဆိုတာ ပျက်ဆီးနေပါပြီ၊ တပ်မတော်အစိုးရလက်ထက်မှာ အမြဲပဲ တည်ဆောက်ရေးတွေမှာ ပြည်နယ်တွေ ဘယ်လောက်ပါခဲ့သလဲ ဆိုတာကိုတော့ စိတ်ဝင်စားခဲ့တာပါပဲ။လမ်းတွေဖောက်တဲ့ထဲမှာ ပြည်နယ်တွေ ပါသလား။ ဆိုတာလည်း အမြဲစောင့်ကြည့်မိခဲ့တာပါပဲ။ ဒီကြားထဲမှာ ၂၀၀၇ ခုနှစ်လောက်တုန်းက ကချင်ပြည်က သူငယ်ချင်းတွေနဲ့ တွေ့တော့ သူတို့ ကချင်ပြည်နယ်ထဲမှာ တရုတ်လူမျိုးတွေ အ၀င်များလာတဲ့ ကိစ္စတွေ ကချင်ပြည်နယ်ရဲ့ တစ်ဝက်တိတိကို တရုတ်တွေ ပိုင်နေပါပြီလို့ ပြောရင်း မျက်ရည်ကျတယ် ပြီးတော့ ပြည်နယ်ရောက်နေတဲ့ တိုင်းရင်းသားတွေရဲ့ ဒုက္ခတွေကို ပြောဆို ရင်ဖွင့်ကြရင်း။ သူနဲ့ အတူ ကျွန်မလည်း လိုက်ပါ ခံစားခဲ့ရပါတယ်။ ကျွန်မတို့လို ရန်ကုန်မှာ နေထိုင်ကြတဲ့သူတွေမှာတောင် လိုအပ်ချက်တွေ၊ မပြည့်စုံမှုတွေ၊ နှိမ့်ကျမှုတွေ၊ မပြေလည်မှုတွေ အနိုင်ကျင့်ခံရမှုတွေ ရှိနေခဲ့တာ သူတို့လို ပြည်နယ်တွေက လူတွေ ဆိုရင်တော့ ပိုဆိုးမှာပါပဲ။ လူမသိ သူမသိ နာကျင် ဇာတ်လမ်းတွေ ဘယ်လောက် များခဲ့ပါသလဲ။ တရားဥပဒေ မစိုးမိုးတဲ့ ဒေသတွေမှာ သူတို့ရဲ့ ပြည်နယ်တွေက ပိုဆိုးပါတယ်လို့ သူက ပြောပြီး ငိုတော့ ကျွန်မကလည်း လိုက်ငိုမိပါတယ်။ သူဘာပြောချင်သလဲ ဆိုတာကို ကျွန်မသိခဲ့တယ်လေ။ ကျွန်မငိုချင်းနဲ့အတူ ကိုယ့်ကိုယ်ကိုယ်လည်း တာဝန်မကျေတဲ့သတင်းထောက်လို့ မြင်လာမိတယ်။ ကျွန်မတို့ ရှမ်းပြည်က တောင်တန်းတွေမှာ သစ်ပင် တွေမရှိတော့တဲ့ကိစ္စ၊ ချောင်းတွေဟာ ပျက်ဆီးကုန်တဲ့ ပြသနာ၊ ရှမ်းပြည်ကို ဆန်သယ်ခွင့်မပေးလို့ ပြောင်းစားခဲ့ရတဲ့ နေ့ရက်တွေ၊ ဆေးရုံမှာ ဆရာဝန်ရှိလို့ ဆရာဝနှ်ေမျှာ်ရင်း သေဆုံးခဲ့ရတဲ့ ဒေသခံတွေ၊ ဘယ်ကို တိုင်လို့တိုင်ရမှန်းမသိဘဲ ခံလိုက်ရတဲ့ မုဒိန်းမှုတွေဆိုတာ ဘယ်မီဒီယာမှာမှ မပါခဲ့ဘူး။ ကျွန်မ သတင်းထောက် ဖြစ်လာချိန်မှာ ရေးခဲ့ပေမဲ့ ဘယ်တုန်းကမှ ဖော်ပြမခံခဲ့ရဘူးလေ။ ကျွန်မဟာ တိုင်းရင်သား သတင်းတွေကို ပြည်သူတွေ သိအောင် မရေးနိုင်ခဲ့ပါဘူး။ အဲဒီအတွက် အပြစ်တင်ပါတယ် ကိုယ့်ကိုယ်ကိုပါ။ ဒါဟာ ကျွန်မတို့ ရှမ်းပြည်နယ်တစ်ခုတည်းတင် ကြုံနေရတာ မဟုတ်ဘူး ချင်းပြည်နယ်၊ ကယားပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကချင်ပြည်တွေမှာလည်း အလားတူ ဝေဒနာတွေ ဒဏ်ရာတွေနဲ့ ဆိုတာကို ဖြည်းဖြည်းချင်းသိလာခဲ့ရတယ်။ ကျွန်မက တိုင်းရင်းသား ဆိုရင်ပိုစာနာတတ်လာတော့တယ်။ ၂၀၀၉ ခုနှစ်မှာ နယ်ခြားစောင့်တပ် ပြသနာနဲ့ပတ်သက်ပြီး တိုင်းရင်းသားအဖွဲ့အချို့ လက်နက် ပြန်ကိုင်ခဲ့တဲ့ သတင်းတွေကိုလည်း ကြားခဲ့ရပါတယ်။၂၀၁၀ခုနှစ် ၀န်းကျင်မှာ နယ်စပ်ဒေသအချို့မှာ ဗုံးပေါက်ကွဲမှုတွေဖြစ်ပြီး ဒေသခံ တိုင်းရင်းသားတွေ အေးချမ်းယာကို ပြေးလွှားနေထိုင်ခဲ့ရတယ်ဆိုတဲ့ သတင်းတွေကို မြန်မာ့အလင်းနဲ့ ကြေးမုံသတင်းစာပါ သတင်းတွေအရ ကြားရတော့လည်း စိတ်မကောင်းဖြစ်ရပြန်ပါတယ်။ တိုင်းရင်းသားဆိုတာက ကျွန်မတို့နဲ့ သွေးရင်းသားရင်းလို သဘောထားရမယ့် မောင်နှမတွေပါ။ နယ်ချဲ့တွေကို အတူးတကွ တိုက်ခဲ့ကြတဲ့ သူတွေပါ။ ထိုဒေသတွေမှာလည်း အေးချမ်းသာယာစေချင်ပါတယ်။ တိုက်ပွဲတွေ ကြားမှာ ပြေးလွှားနေတဲ့ လူတွေကို မြင်ယောင်ပြီး စာနာလာတယ်၊ စိတ်မကောင်းဖြစ်လာရတယ်။ တကယ့်ကို စိတ်ထိခိုက်ရပါတယ်။ ဘာကြောင့်များ ပြည်တွင်းမှာ ကိုယ့်အချင်းချင်းတိုက်ပွဲတွေ ဖြစ်နေရတာလဲ၊ တိုက်ပွဲတွေကို ရပ်တန့်ပေးပါလို့ပဲ အော်ဟစ်ချင်စိတ်တွေ ပေါ်လာခဲ့တယ်၊ အဲဒီကာလမှာပဲ တိုင်းရင်းသားပါတီခေါင်းဆောင်တဦးက ပြောတယ်။ ခုလို တိုက်ပွဲတွေ ဖြစ်နေတာက တိုင်းရင်းသားလက်နက်ကိုင်တွေက အချက် ၃ ချက်ကို တောင်းဆိုလို့လို့သူက ပြောတယ်။ ပထမအချက်က ဖမ်းထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေ အားလုံးကို လွှတ်ပေးပါတဲ့။ ဒုတိယ အချက်က တိုင်းရင်းသားခေါင်းဆောင်တွေအားလုံးရယ် ဒေါ်အောင်ဆန်းစုကြည်ရယ် ပြီးတော့ အစိုးရရယ် တွေ့ဆုံဆွေးနွေးပေးပါတဲ့။ တတိယအချက်က ပြည်နယ်တွေမှာရှိတဲ့ သဘာဝအရင်းအမြစ်တွေနဲ့ပတ်သက်ပြီး ပြည်နယ်တွေကိုလည်း ခံစားခွင့်ပေးပါတဲ့။ အဲဒီအချက် သုံးချက်ကို တောင်းဆိုနေတာလို့ သူက ရှင်းပြတယ်။ တကယ်ပဲ အဲဒီအချက်တွေကို လက်ခံပေးလိုက်ရင် ပြည်တွင်း စစ်တွေချုပ်ငြိမ်းသွားပါလိမ့်မယ်လို့ သူက ရှင်းပြပါတယ်။ ယနေ့အစိုးရသစ်လက်ထက်မှာ တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးကို ယခင်ကထက်ပိုပြီး ဆောင်ရွက်နိုင်လိမ့်မယ်လို့ အားလုံးက မျှော်လင့်ထားကြပါတယ်။ မတ်လ ၃၀ ရက်နေ့က ပြည်ထောင်စု လွှတ်တော်မှာ ပြောကြားခဲ့တဲ့ နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်ရဲ့ မိန့်ခွန်းထဲမှာလည်း တိုင်းရင်းသားရေးနဲ့ပတ်သက်ပြီး လေးလေးနက်နက်ပြောကြားခဲ့တာကို မြန်မာ့ရုပ်မြင်သံကြားကတဆင့် တွေ့ခဲ့မြင်ခဲ့ရတယ်။ နိုင်ငံတော် သမ္မတကြီးဦးသိန်းစိန်က မိန့်ခွန်းပြောကြားရာမှာ `ကျွန်တော်တို့ နိုင်ငံမှာ အင်အားသုံးရပ်တောင့်တင်းနေဖို့လိုပါတယ်။ အဲဒီအင်အားတွေကတော့ (၁) နိုင်ငံရေးအင်အား(၂) စီးပွားရေးအင်အားနဲ့ (၃) နိုင်ငံတော်ကာကွယ်ရေးအင်အားတို့ဖြစ်တယ်။ နိုင်ငံရေးအင်အားဆိုတာကတော့ တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးပဲ ဖြစ်ပါတယ်။ လူမျိုး စုပေါင်း ၁၀၀ ကျော်နဲ့စုစည်းနေထိုင်ကြတဲ့ ကျွန်တော်တို့ နိုင်ငံအတွက် တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးဟာ အလွန်အရေးကြီးပါတယ်။ တို်င်းရင်းသားစည်းလုံးညီညွှတ်မှု ပြိုကွဲရင် နိုင်ငံတော်ကြီးလည်း အစိတ်စိတ်အမြွာမြွာ ပြိုကွဲပျက်စီးသွားမှာ ဖြစ်တဲ့အတွက် တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးကို အထူးအလေးထားပြီး တည်ဆောက်သွားမှာဖြစ်ပါတယ်`လို့ ထည့်သွင်းပြောကြားခဲ့ပါတယ်။ နိုင်ငံတော်သမ္မတကြီးရဲ့ မိန့်ခွန်းကို ပြည်သူလူထုက အင်မတန် နှစ်ထောင်းအားရဖြစ်ခဲ့ကြပါတယ်။ ပညာရှင်များကလည်း သဘောကျနှစ်ခြိုက်ခဲ့ကြတယ်၊ တိုင်းရင်းသားတွေကလည်း နယ်စပ်တွေမှာ ဖြစ်ပွားနေတဲ့ လက်နက်ကိုင် တိုက်ပွဲတွေရဲ့ ငြိမ်းချမ်းရေးကို မျှော်လင့်ခဲ့ကြပါတယ်။ ပြည်နယ်တွေရဲ့ ဖွံ့ဖြိုးတိုးတက်ရေးကိုလည်း ပြည်နယ်ဝန်ကြီးများမှ အထူးဂရုပြုဆောင်ရွက်ပေးနိုင်ဖို့အတွက် တိုင်းရင်းသားပြည်သူတွေကလည်း တိုင်းရင်းသား စည်းလုံးညီညွှတ်ရေးကို အလေးထားနေကြပါတယ်။ တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးကို လိုလားနေသူများအနေနဲ့ ငြိမ်းချမ်းရေးကို မျှော်လင့်ထားကြတာပါ။ တိုင်းရင်းသား စည်းလုံးညီညွှတ်ရေး မရသေးသရွေ့ ငြိမ်းချမ်းရေး မရနိုင်ပါဘူး လို့ ပြောနေတဲ့ ဆရာဒဂုန်တာရာရဲ့ အသံကိုလည်း မကြာမကြာ ကြားနေရပါတယ်။ ကိုယ့်တိုင်းရင်းသား အချင်းချင်း တိုက်နေရတာလောက် ရင်နာဖို့ကောင်းတာ မရှိဘူးဗျာလို့ ပြောခဲ့ဖူးတဲ့ တပ်ရင်းမှူးတစ်ယောက်ရဲ့ အသံကိုလည်း ပြန်ကြားမိပါတယ်။ တိုက်ပွဲဆိုတာ စစ်မြေပြင်ဆိုတာ ဘယ်သူမှ မဖြစ်ချင်ကြပါဘူး။ အထူးသဖြင့် တိုင်းရင်းသား ပြည်သူတွေဟာ စစ်ဆိုတာကို ကြောက်ခဲ့တာ၊ တိုက်ပွဲဆိုတာ မဖြစ်ချင်တော့ဘူးဆိုတာ သိစေချင်လှပါတယ်။ An article on Facebook selected by Hanyin Lat |











