| MoeMaKa Daily - 21 Jul 2012 |
|
|
|
|
ဆရာမသန်းမြင့်အောင်နဲ့ ဆည်းဆာရိပ်မြင်ကွင်း
မိုးမခဓာတ်ပုံသတင်း၊ ဇူလိုင် ၂၁၊ ၂၀၁၂
စာရေးဆရာမ၊ လူမှုရေးနိုးကြားလှုပ်ရှားသူ၊ နာရေးကူညီမှုအသင်းနဲ့ အခြား ပရဟိတအသင်းများ၏ ဦးဆောင် ဦးရွက် စွမ်းဆောင်သူ ဒေါ်သန်းမြင့်အောင်နဲ့ သူဝိုင်းဝန်း ဆောင်ရွက်နေတဲ့ ရန်ကုန်အခြေစိုက် ဆည်းဆာရိပ် ခိုကိုးရာမဲ့ဘိုးဘွားများ ရိပ်သာ မြင်ကွင်းကို သူ့ဖေ့စ်ဘွတ်ကနေ ကူးယူဖော်ပြပါတယ်။
ဆည်းဆာရိပ်၏ အေးမြသောအရိပ်
တိုတောင်းလှတဲ့ လူ့ဘ၀သက်တမ်းမှာ လူသားချင်း စာနာထောက်ထား ချစ်ခင် စောင့်ရှောက်မှုတွေ ဆောင်ရွက်ခြင်းဖြင့် အမုန်းကြောင့်ဖြစ်သော စစ်ပွဲများ ပဋိပက္ခမီးများကို ငြိမ်းသတ်ကြပါစို့လို့ တိုက်တွန်းနှိုးဆော်လိုက်ချင်ပါတယ်။ ဆည်းဆာရိပ်ကို ဖေစ့်ဘွတ်က သည်နေရာမှာ တွေ့နိုင်ပါတယ်။
ဆရာမ သန်းမြင့်အောင်၏ ကိုယ်ရေးအကျဉ်းကိုလည်း ပူးတွဲဖော်ပြလိုက်ပါတယ်။
ဆည်းဆာရိပ်၏ စေတနာရှင်များ
စာရေးဆရာမ ဒေါ်သန်းမြင့်အောင် အကြောင်း အကျဉ်း
မွန်ပြည်နယ် သထုံခရိုင် ကျိုက်ထိုမြို့၌ မွေးဖွားခဲ့သည်။ အဖ ဦးချစ်မောင်၊ အမိ ဒေါ်ယဉ်ရွှေ ဖြစ်သည်။
၁၉၇၈ ခုနှစ်တွင် တိုင်းရင်းမေဂျာနယ်ပါ ‘တယ်လီဗေးရှင်း ဝေဒနာ’ ၀တ္ထုတိုဖြင့် စာပေနယ်သို့ စတင်ဝင်ရောက်ခဲ့ပြီး ၀တ္ထုတို၊ ၀တ္ထုရှည်၊ ဆောင်းပါးများ ရေးသားခဲ့သည်။ ၁၉၉၅ ခုနှစ်တွင် ‘အထူအပါး’ ၀တ္ထုတိုပေါင်းချုပ်ကို ထုတ်ဝေခဲ့ပြီး ‘အထူအပါး’ ၀တ္ထုကို ဂျပန်နိုင်ငံ ဒိုင်ဒိုဖောင်ဒေးရှင်းက ဂျပန်ဘာသာသို့ပြန်ဆို၍ ‘အထူအပါးနှင့် အခြားဝတ္ထုများ’ အမည်ဖြင့် ဂျပန်နိုင်ငံတွင် ထုတ်ဝေဖြန့်ချိခဲ့သည်။
‘ဘ၀ရသ ပစ္စုပ္ပန်စာမျက်နှာများ’၊ ‘အငွေ့ပြန်ခြင်း၊ ‘ရွှေရောင်ည’၊ ‘ရေဝေး ထိန်ပင် ထားဝယ်ချောင်’၊ ‘သဏ္ဌာန်မဲ့ထုထည်’၊ ‘ငိုခြင်း ရယ်ခြင်း နီးခြင်း ဝေးခြင်း အစက် အပြောက် နှင့် ပွင့်ခြောက်သံစဉ်’ နှင့် ‘သန်းမြင့်အောင် အမှတ်တရ ၀တ္ထုတိုများ’ စသဖြင့် ၀တ္ထုတိုပေါင်းချုပ် ၁၀ အုပ်၊ လုံးချင်းဝတ္ထု ၃ အုပ်၊ အခြားစာရေးဆရာများနှင့် တွဲဖက်၍ ၀တ္ထုလတ် ၁၀ အုပ်ကျော် ရေးသားထုတ်ဝေခဲ့သည်။
၂၀၀၂ ခုနှစ်တွင် ‘သဏ္ဌာန်မဲ့ထုထည်’ ၀တ္ထုတိုပေါင်းချုပ်ဖြင့် အမျိုးသားစာပေဆု ရရှိခဲ့သည်။
စာပေများရေးသားရင်း ပရဟိတ လုပ်ငန်းများကို စိတ်အားထက်သန်စွာ ဆောင်ရွက်နေသူဖြစ်ပြီး လူမှုကူညီရေး အဖွဲ့အစည်းများတွင် ပါဝင်ဆောင်ရွက်ခြင်း မပြုမီကပင် အကူအညီလိုအပ်သူများအား တတ်စွမ်းသရွေ့ အကူအညီပေးခဲ့သူဖြစ်သည်။ လူမှုပတ်ဝန်းကျင်တွင် တွေ့ရှိရသည့် အဖြစ်အပျက်များကို စာပေဖြင့်သရုပ်ဖော် ရေးသားသကဲ့သို့ စာသင်ကျောင်းများနှင့် စာပေဟောပြောပွဲများမှတဆင့် ပရဟိတစိတ် ထွန်းကားရေး၊ စာရိတ္တကောင်းမွန်ရေး၊ ဘ၀ကို တန်ဖိုးရှိစွာအသုံးချရေးအတွက် တိုက်တွန်းဟောပြောလျက်ရှိသည်။
ဒေါ်သန်းမြင့်အောင်သည် စိတ်တူကိုယ်တူ မိတ်ဆွေများနှင့် ပူးပေါင်း၍ ၂၀၀၅ ခုနှစ်တွင် စတင်တည်ထောင်သော သုခရိပ်မြုံ (HIV ကလေးများ စောင့်ရှောက်ရေးဂေဟာ)၊ ၂၀၁၀ ဧပြီလ၌ စတင်တည်ထောင်သည့် ဆည်းဆာရိပ် ဘိုးဘွားရိပ်သာတို့တွင် ဦးဆောင်လုပ်ကိုင်နေသူ ဖြစ်သည်။ ဆည်းဆာရိပ် ဂိလာန ဘိုးဘွားရိပ်သာတွင် သားထောက်သမီးခံမရှိသည့် ခိုကိုးရာမဲ့ နာမကျန်းဖြစ်နေသူများ၊ သာမန်ဘိုးဘွားရိပ်သာတို့တွင် ၀န်ဆောင်မှုမပေးနိုင်သော မျက်မမြင် လေဖြတ်ထားသူ စသည့် ဘိုးဘွားများအား စောင့်ရှောက်ထားသည်။
‘အောင်မြေ’ အမည်ရှိ ပညာဒါန ကျောင်းတစ်ကျောင်းကို ၂၀၀၀ ပြည့်နှစ်ခန့်က စတင်ထူထောင်ကာ အကြောင်းအမျိုးမျိုးကြောင့် ကျောင်းမတက်နိုင်သူ အပြင်ဖြေ ၁၀ တန်းကျောင်းသားများနှင့် နေ့ကျောင်းတက်နိုင်သော်လည်း ကျူရှင်မတက်နိုင်သည့် ၁၀ တန်းကျောင်းသားများအတွက် ပညာရေးအထောက်အပံ့ ပေးလျက်ရှိသည်။
ထို့ပြင် လူငယ်များ ပရဟိတစိတ် ဖွံ့ဖြိုးပြီး၊ အများအကျိုး ဆောင်နိုင်စေရန် ရည်ရွယ်ချက်ဖြင့် ဆွေးနွေးပွဲနှင့် သင်တန်းများ ပြုလုပ်ကာ အတွေ့အကြုံ ဗဟုသုတများကို လက်ဆင့်ကမ်း ဟောပြော ဆွေးနွေးခြင်းများ ဆောင်ရွက်လျက်ရှိသည်။ စားသုံးသူအခွင့်အရေး၊ အစားအစာနှင့် လူသုံးကုန်တို့၏ အန္တရာယ်မှ ဘေးကင်းလုံခြုံရေး၊ မြန်မာ့အရင်းအမြစ် သဘာဝပစ္စည်းများ ထုတ်လုပ်ခြင်းဖြင့် တပိုင်တနိုင် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးရေး စသဖြင့် ကျေးလက်ရပ်ရွာ အခြေခံလူတန်းစား ဘ၀တိုးတက်ရေး၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ကိစ္စရပ်များကိုလည်း ဆောင်ရွက်လျက်ရှိသည်။
၂၀၀၇ ခုနှစ် ရွှေဝါရောင် သံဃာ့တော်လှန်ရေးအတွင်း အခြားသော အနုပညာရှင်များနှင့်အတူ သံဃာတော်များအား ရေချမ်း ကပ်လှူခဲ့ပြီးနောက် အာဏာပိုင်များ၏ ခေါ်ယူစစ်ဆေးခြင်းခံခဲ့ရပြီး စာပေစိစစ်ရေးက ဒေါ်သန်းမြင့်အောင်၏ စာများကို ထုတ်ဝေဖြန့်ချိခွင့် ပိတ်ပင်ခဲ့သည်။
လက်ရှိတွင် နာရေးကူညီမှုအသင်း(ရန်ကုန်) ၌ ဒုဥက္ကဋ္ဌအဖြစ် ဆောင်ရွက်လျက်ရှိပြီး အနာကြီးရောဂါ ပပျောက်ရေးနှင့် မရမ်းချောင် ပညာရေးထောက်ပံ့မှုအဖွဲ့၊ အိတ်ခ်ျအိုင်ဗီ ကာကွယ်ရေး၊ မိဘမဲ့ကလေးများ ပြန်လည်ထူထောင်ရေး ပရဟိတ လုပ်ငန်းများ၊ စိတ်ရောဂါအထူးကုဆေးရုံကြီး၏ စိတ်ကုထုံးသစ်များနှင့် ကုသရေးတို့တွင် ပါဝင်ကူညီလျက်ရှိသည့်အပြင် တပိုင်တနိုင် လူမှုရေးလုပ်ငန်းများကို ဆောင်ရွက်လျက် ရှိသည်။ ။
Labels: Contemporary Experience, News in Photos
FRIDAY, JULY 20, 2012Aung Thein Lin's interview in Southern Weekly of China![]() ဦးအောင်သိန်းလင်း အင်တာဗျူး ဇူလိုင် ၂၁၊ ၂၀၁၂ Southern Weekly အွန်လိုင်းတွင် မကြာသေးမီက တရုတ်ဘာသာဖြင့် ဖော်ပြထားသော ဦးအောင်သိန်းလင်း အင်တာဗျူးကြောင့် စာဖတ်သူအများအပြား အံ့အားသင့်နေကြသည်။ မြစ်ဆုံစီမံကိန်း၊ ဒေါ်အောင်ဆန်းစုကြည်၊ အခြေခံဥပဒေ၊ နိုင်ငံတကာဆက်ဆံရေး တို့နှင့် ပတ်သက်ပြီး သူ၏ ရန်လိုသော၊ ဆင်ခြင်မှု ကင်းမဲ့သော ပြောကြားချက်များကို သိရှိနိုင်ရန် မူရင်း တရုတ်အင်တာဗျူး၊ Google တွင် ဘာသာပြန်ထားသော အင်တာဗျူးတို့ကို ပူးတွဲ ဖော်ပြလိုက်ပါသည်။ Google တွင် ဘာသာပြန်ထားသည့် အင်္ဂလိပ်ဘာသာ အင်တာဗျူး "Some people want to establish a puppet regime in Myanmar" Labels: Interview
Ashin Wirathu - To Conquer The Enemy“ရန်သူအောင်ကြောင်း နည်းလမ်းကောင်း”
ဝီရသူ(မစိုးရိမ်) ။ ဇူလိုင် ၂၁၊ ၂၀၁၂
ယခုအခါ၌ မျက်မှောက်နိုင်ငံရေးကို ခြုံငုံသုံးသပ်ကြည့်လျှင် မြန်မာ့နိုင်ရေးသည် အကောင်းဘက်သို့ ဦးတည်ရွေ့လျှားနေသည်ဟု ဆိုရပေမည်။ သို့သော် လုံးလုံးလျားလျား စိတ်ချယုံကြည်ထိုက်သည့်အဆင့်သို့ မရာက်ရှိသေးပေ။ဟိုယခင်က အလုံပိတ်ခံထားရ၍ အသံဗလံများ မကြားခဲ့ရသော်လည်း ယခုအခါ၌မူ အချို့အ၀က် ပွင့်သောတံခါးဆီမှ အသံဗလံများ ကြားနေရခြင်း ဖြစ်လေသည်။ လယ်သမားများထံမှလည်း ကြားနေရသည်။ အလုပ်သမားများထံမှလည်း ကြားနေရသည်။ ပြည်သူတစ်ရပ်လုံးထံမှလည်း ကြားနေရသည်။ အကျယ်လောင်ဆုံး အသံကား အလုပ်သမားတို့၏ အသံပင်တည်း။ နိုင်ငံရေးပါတီတစ်ခု၊ နိုင်ငံရေးအဖွဲ့အစည်းတစ်ခု၊ နိုင်ငံရေးသမားကောင်းတစ်ယောက်၌ ရှိသင့်ရှိထိုက်သော အရည်အချင်းများတွင် မြတ်စွာဘုရား ဟောကြားတော်မူသော အချက်လေးချက်ကား စိတ်ဝင်စားဖွယ် ဖြစ်လေသည်။ ထိုအချက်လေးချက်မှာ (က) သစ္စာ ရှိရမည်။ (ခ) ပညာ ရှိရမည်။ (ဂ) ၀ီရိယ ရှိရမည်။ (ဃ) စာဂ ရှိရမည်။ ဟူ၍ ဖြစ်လေသည်။ (က) သစ္စာဆိုသည်မှာ ၀စီသစ္စာကို ရည်ရွယ်ရင်းဖြစ်ပြီး နှုတ်ကတိကို ဆိုလိုပေသည်။ ထို့ကြောင့် ကတိတည်ရမည်။ သစ္စာရှိရမည် ဟု ဆိုလိုရင်း ဖြစ်ပေသည်။ ပါတီအပေါ် သစ္စာရှိဖို့လိုသည်။ အဖွဲ့အစည်းအပေါ် သစ္စာရှိဖို့လိုသည်။ ` နိုင်ငံအပေါ် သစ္စာရှိဖို့လိုသည်။ ပြည်သူအပေါ် သစ္စာရှိဖို့လိုသည်။ အချင်းချင်းအပေါ် သစ္စာရှိဖို့လိုသည်။ နိုင်ငံရေးသမားတစ်ယောက် ဖြစ်နေပါလျက် သူတစ်ဖက်သားကို ခြေထိုးရာမှာ မွေ့လျော်နေလျှင် သူတစ်ဖက်သားကို ချောက်ချရာမှာ မွေ့လျော်နေလျှင်၊ သူတစ်ဖက်သား နောက်ကျောကို ဓားဖြင့်ထိုးရာမှာ မွေ့လျော်နေလျှင် နိုင်ငံရေးသမားကောင်း တစ်ယောက်မဖြစ်နိုင်တော့ပေ။ အရာရာမှာ သစ္စာမဲ့နိုင်သော သစ္စာဖောက်တစ်ယောက် ဖြစ်သွားနိုင်ပေသည်။ ထိုအခါ သစ္စာဖောက်သူတို့၏ ထုံးစံအတိုင်း အများပြည်သူတို့၏ အယုံအကြည်ကင်းမဲ့မှုကို ခံရတော့မည် ဖြစ်ပေသည်။ ထိုသို့ အချင်းချင်း၏ယုံကြည်မှု၊ ပါတီ၏ယုံကြည်မှု၊ ပြည်သူ၏ယုံကြည်မှုကို မရရှိတော့သော နိုင်ငံရေးသမားတစ်ယောက်သည် မည်သို့ပင် အရည်အချင်း ရှိစေကာမူ၊ မည်မျှပင် တတ်သိနားလည်းစေကာမူ၊ ယုတ်စွအဆုံး မိုးပျံအောင် တတ်ကျွမ်းစေကာမူ မြောင်းထဲသို့ ထိုးကျရ တော့မည်မှာ သေချာပေသည်။ ထို့ကြောင့် အောင်မြင်သော နိုင်ငံရေးသမားကောင်းတစ်ယောက် ဖြစ်လိုပါက သစ္စာတရားကို လက်ကိုင်ထားရမည်မှာ သေချာလွန်းလှပေသည်။ အိပ်မက်တွေ အလွယ်တကူပေးပြီး ဘာမျှလုပ်မပေးနိုင်ခဲ့ သော နိုင်ငံရေးသမားကို မည်သူမျှ မဲပေးကြတော့မည်မဟုတ်ပေ။ ဤသည်ကို နိုင်ငံရေးစိတ်ဝင်စားသူတို့ အထူးသတိပြုရမည် ဖြစ်လေသည်။ (ခ) ပညာရှိရမည်-ဟုဆိုရာ၌ ဘွဲ့၊ ဒီဂရီ၊ ဆုတံဆိပ်များကို ဆိုလိုရင်းမဟုတ်ပေ။ ၀ိစာရဏပညာ ဆင်ခြင်တုံတရားကို ဆိုလိုရင်းဖြစ်ပေသည်။ ထို့သို ဆင်ခြင်တုံတရားနှင့် ပြည့်စုံပါမှ ဓမ္မနှင့်အဓမ္မကို လည်းကောင်း၊ အမှားနှင့်အမှန်ကိုလည်းကောင်း တိကျပြတ်သားစွာ ခွဲခြားဆုံးဖြတ်နိုင်မည် ဖြစ်ပေသည်။ နိုင်ရေးပါတီတစ်ခု၊ နိုင်ငံရေးအဖွဲ့အစည်း တစ်ခု၌ ဤသို့သော ဆင်ခြင်တုံတရားသာ မရှိပါလျှင် အရေးတကြီး ကိစ္စများ၌ ဒွိဟများဖြင့် တွေဝေနေကြမည်သာ ဖြစ်လေသည်။ ကြေညာချက်နောက်ကျခြင်း၊ သဘေားထားထုတ်ပြန်ဖို့ နောက်ကျခြင်း၊ မီးစင်ကြည့်ကခြင်း၊ အားကိုရှာ၍ နေရခြင်းတို့ကြောင့် အထွေထွေကိစ္စရပ်များမှာ အမြဲတမ်းနောက်ကျနေခြင်းသည် ၀ိစာရဏပညာ-ဟုဆိုအပ်သော ဆင်ခြင်တုံတရား ကင်းမဲ့နေသောကြောင့် ဖြစ်လေ၏။ ဆုံးဖြတ်ချက် မှန်ကန်ဖို့ ဆုံးဖြတ်ချက်မြန်ဆန်ဖို့၊ ဆုံးဖြတ်ချက်ခိုင်မာဖို့၊ ဆုံးဖြတ်ချက်တိကျ ပြတ်သားဖို့အတွက် မရှိမဖြစ်လိုအပ်သော ဤတရားကို လက်ကိုင်ကျင့်သုံးမှသာလျှင် ပြည်သူလူထု အားကိုးထိုက်သော နိုင်ငံရေးသမားကောင်းတစ်ယောက်ဖြစ်နိုင်ကြောင်း သိရှိထားဖို့ လိုပေသည်။ (ဂ) ၀ီရိယရှိရမည် ဆိုရာ၌ သာမန် ၀ီရိယမျိုးကိုဆိုသည် မဟုတ်ပေ။ နိုင်ငံရေးသမားတို့သည် စာကြိုးစားသော သာမန်ကျောင်းသားတို့ထက် သာလွန်သော အလုပ်ကြိုးစားသော သာမန်စီးပွားရေးသမား တို့ထက် သာလွန်သော ကြီးမားသည့် ၀ီရိယမျိုးကို ထားရှိဖို့လိုပေသည်။ နိုင်ငံရေးသမားတို့မည်သည် ပြည်သူလူထုတစ်ရပ်လုံးကို ကိုယ်စားပြုသည်ဖြစ်ရာ မိသားစုအတွက် အလုပ်လုပ်ရသည့် ပုံမှန်ဝီရိယမျိုးနှင့် မပြည့်စုံ မလုံလောက်တော့ပေ။ ထို့ကြောင့် ဗိုလ်ချုပ်အောင်ဆန်း၏ လွတ်လပ်ရေးကြိုးပမ်းမှုကာလ ၀ီရိယမျိုးကို အတုခိုးရမည် ဖြစ်လေသည်။ (ဃ) စာဂ-ဟူသည် ဓနစာဂ-ငွေးကြေးကို စွန့်ကြဲခြင်း၊ အတ္တစာဂ-ဘ၀ကိုစွန်လွတ်ခြင်းဟူ၍ နှစ်မျိုးရှိရာ နိုင်ငံရေးသမားကောင်းတို့ မည်သည် ငွေကြေးကိုလည်း စွန့်လွှတ်စွန့်ကြဲရပေလိမ့်မည်။ ဘ၀ကိုလည်း စွန့်လွှတ်ပေးဆပ်ရ ပေလိမ့်မည်။ ယခုအခါ၌ NGO-များ INGO-များကဲ့သို့ ပရဟိတအဖွဲ့အစည်းများသည်လည်း ငွေကြေးဓနနှင့် ဘ၀စည်းစိမ်ကို စွန့်လွှတ်ပေးဆပ်နေကြသည် ဖြစ်ရာ နိုင်ငံရေးသမားတို့မည် ထို့ထက်သာလွန်သော ပေဆပ်ခြင်းမျိုးဖြင့် ပေဆပ်နိုင်ဖို့ လိုပေသည်။ ငါသည် ငါ့နိုင်ငံအတွက်သာ ဖြစ်သည်။ ငါသည် ငါပြည်သူအတွက်သာ ဖြစ်သည်ဟူသော ခံယူချက်မျိုးဖြင့် နိုင်ငံအတွက် ပြည်သူ့အတွက် ပေးဆပ်ဝံ့ပါမှ နိုင်ငံ့ဂုဏ်ဆောင် နိုင်ငံရေးသမားကောင်း တစ်ယောက်ဖြစ်ရမည်မှာ မလွဲဧကန် အမှန်ပင် ဖြစ်လေသည်။ ဤတရားလေးပါး နှင့် ပြည့်စုံသူသည် ရန်သူမှန်သမျှကို အောင်နိုင်ကြောင်း ဗုဒ္ဓမြတ်စွာက ဤသို့ ဟောတော်မူခဲ့ပေသည်။ ယေဿတေ စတုရော ဓမ္မာ၊ ဝါနရိန္ဒ ယထာ တဝ။ သစ္စံ ဓမ္မော ဓိတိ စာဂေါ၊ ဒိဋ္ဌံ သော အတိဝတ္တတိ။ သစ္စံ ဓမ္မ၊ ၀ီရိယနှင့်၊ စာဂဟူသည်၊ ရန်သူအောင်ကြောင်း၊ ကျင့်ကောင်းလေးပါး၊ စသည်အားဖြင့်၊ တရားမလစ်၊ မင်းမူရစ်လော့။ မင်းစစ်ဓမ္မတာ၊ မချွတ်ရာဘူး။ (၀ါနရိန္ဒဇာတ်။ ဇာ၊ ဋ္ဌ၊ ၁။၂၉၇။ မဃဒေ၀။ ၂၂၂။) နိုင်ငံရေးသမားတို့မည်သည် ပြည်သူကို ကိုယ်စားပြုသည့် လူတန်းစားတစ်ရပ်ဖြစ်ရာ ပြည်သူ့အရေးအရာများကို ကိုယ့်အရေးအရာများထက် ပို၍ ဦးစားပေရမည်သာ ဖြစ်လေသည်။ ပြည်သူရှေဆောင် ပြည်သူ့ကိုယ်စားလှယ်တို့မည်သည် ပြည်သူ့ဘက်မှာ မားမားမတ်မတ် ရပ်တည်ဖို့လိုသလို ပြည်သူ့လုံခြုံရေးအတွက်လည်း အကာအကွယ်ပေးဖို့ လိုပေသည်။ ပြည်သူကို အန္တရာယ်ကင်းအောင်စောင့်ရှောက်ဖို့ သလို၊ ပြည်သူ့အခက်အခဲ အကြပ်အတည်းများ ကူညီဖြေရှင်း ပေးဖို့လိုပေသည်။ ပြည်သူ့အသံကို နားစွင့်နေရုံမျှဖြင့်မရနိုင်တော့ပေ ပြည်သူ့ဆန္ဒကို ထင်ဟပ်စေမည့် လက်တွေ့ဆောင်ရွက်ချက်များကို အချိန်မီလှုပ်ရှားပေးဖို့ အထူးလိုအပ်လှပေသည်။ မျက်မှောက်နိုင်ရေးလောက၌ အလုပ်သမား ပြည်သူလူထုမှာ အစောင့်အရှောက် အကူအညီများစွာ လိုအပ်လျက် ရှိနေပေသည်။ နိုင်ငံရေးသမားချင်းတူလျှင် - သစ္စာရှိသော နိုင်ငံရေးသမားကသာ အောင်မြင်မည်။ အရည်အချင်းရှိသော နိုင်ငံရေးသမားကသာ အောင်မြင်မည်။ ၀ီရိယကြီးမားသည့် နိုင်ငံရေးသမားကသာ အောင်မြင်မည်။ ပေးဆပ်တတ်သော နိုင်ငံရေးသမားကသာ အောင်မြင်မည်ဖြစ်ရာ သင့်အောင်မြင်မှုသည် သင့် သစ္စာတရားအပေါ်၌သာ မူတည်နေပါသည်။ သင့်အောင်မြင်မှုသည် သင့်အရည်အချင်းအပေါ်၌သာ မူတည်နေပါသည်။ သင့်အောင်မြင်မှုသည် သင့်ကြိုးစားမှုအပေါ်၌သာ မူတည်နေပါသည်။ သင့်အောင်မြင်မှုသည် သင့် ပေးဆပ်ခြင်းအပေါ်၌သာ မူတည်နေပါသည်။ ပြည်သူ့ ယုံကြည်မှုကို ခံယူထိုက်သော ပြည်သူ့ လေးစားမှုကို ခံယူထိုက်သော ပြည်သူ့ အားထားမှုကို ခံယူထိုက်သော ပြည်သူ့ မြတ်နိုးမှုကို ခံယူထိုက်သော နိုင်ငံရေးသမားကောင်း တစ်ယောက်ဖြစ်လိုလျှင် ရန်သူအောင်ကြောင်း နည်းလမ်းကောင်းကို နှစ်ထောင်းအားရ ကျင့်သုံးဖို့ လိုအပ်လှပေသည်။ မန္တလေးတိုင်း(မ်)ဂျာနယ်က တင်ပြသော ဤစာမူကို စာပေစိစစ်ရေးက ပယ်ချလိုက်ခြင်း ဖြစ်ပါသည်။ ဦးပဉ္စင်း ၀ီရသူ(မစိုးရိမ်) ဘဒ္ဒန္တဝိစိတ္တာဘိဝံသ ဓမ္မသဟာယကျောင်း နာယက မစိုးရိမ်တိုက်သစ် မန္တလေးမြို့၊ ဇူလိုင် ၂၊ ၂၀၁၂
Labels: Ashin Wirathu, Op-Ed
Junior Win - ၁၉ ဇူလိုင် မမေ့နိုင်စရာများ၁၉ ဇူလိုင် မမေ့နိုင်စရာများ ဂျူနီယာဝင်း ဇူလိုင် ၂၀၊ ၂၀၁၂ ၁၉၄၇ခုနှစ် ဇူလိုင်လ ၁၉ရက်နေ့ကို ကျွန်မတို့ လွယ်လွယ်နှင့် မမေ့နိုင်ပါ။ ကျွန်မ၏ အဘိုးအဘွားများက ထိုနေ့ဟာဖြင့် မျက်ရည်များနဲ့ ၀မ်းနည်းကြေကွဲစရာများ လွှမ်းမိုးနေသောနေ့ဟု အမြဲပြောကြတာကို ကျွန်မမှတ်မိနေပါသည်။ “မြို့ထဲမှာ ဘယ်နေရာကိုပဲ ကြည့်လိုက်ကြည့်လိုက်၊ ဘတ်စကားပေါ်၊ ရထားပေါ်၊ ဈေးထဲ၊ ယောင်္ကျားကြီးတွေ မျက်လုံးတွေစိုစွတ်၊ အမျိုးသမီးတွေ ငိုရှိုက်နေလိုက်ကြတာများ သူတို့အသည်းနှလုံးတွေကွဲကြေသွားကြသလို မြင်တွေ့ကြရတယ်” သူတို့ ဘာကြောင့် ငိုနေကြသလဲ၊ သူတို့မျက်ရည်တွေက ဘာကိုဖော်ညွှန်းနေသလဲ ဆိုတာ မေးစရာမလိုပါ။ ကျွန်မအဘိုးက ပြောပါသည်။ အကယ်၍ တစ်စုံတစ်ဦးသေဆုံးရင် သူ့မိသားစု သူ့ဆွေမျိုး မိတ်သင်္ဂဟများသာ ငိုကြွေးကြမှာပဲ တဲ့။ သို့သော် ထိုနေ့မှာတော့ အာဇာနည်တွေလုပ်ကြံခံရတဲ့ အဲသည်နေ့မှာတော့ သူတို့ရဲ့မိသားစုဝင်တွေ ဆွေမျိုးတွေသာမက မြို့ထဲက လူတိုင်း လူတိုင်း ပူဆွေးကြ၊ မျက်နှာပေါ် မျက်ရည်တွေ စီးကျနေလိုက်ကြတာ ပဲ တဲ့။ အားလုံးသည် ရုတ်တရက်ကြီး ထိတ်လန့်၊ ပူဆွေးလွန်းလို့ ဆွံ့အ၊ သူတို့ရဲ့ချစ်လှစွာသောသူတွေနဲ့ ပတ်သက်တဲ့ကြောက်စရာသတင်းဆိုးကြီးကို ကြားလို့ ဖြစ်ပျက်ကုန်ကြတာ။ ၁၀နာရီ ၃၇မိနှစ်။ နေရာကတော့ အလုပ်အမူဆောင်ကောင်စီ ပြည်နယ် အုပ်ချူပ်ရေးအဖွဲ့ဝင်များ အစည်းအဝေး လုပ်နေတဲ့အခန်းတစ်ခုမှာ … ဥက္ကဌအဖွဲ့ဝင်တစ်ဦးဖြစ်သော ဗိုလ်ချူပ်အောင်ဆန်း ဦးဆောင်မူအောက်က ပြုလုပ်တဲ့အစည်းအဝေးမှာ စိတ်ကူးနဲ့တောင် ပုံဖော်လို့မရတဲ့ အလွန်ရက်စက် ကြမ်းကြုတ်တဲ့ လူသတ်မှုရဲ့ သားကောင်တွေ ဖြစ်သွားရသည်။ လူထုယုံကြည်ရသည့် ဗိုလ်ချူပ်အောင်ဆန်း၊ သခင်မြ၊ မန်းဘခိုင်၊ ဒီးဒုတ်ဦးဘချို၊ မိုင်းပွန်စော်ဘွားစပ်စံထွန်း၊ ဦးရာဇတ်၊ ဦးဘ၀င်း၊ ဦးအုန်းမောင်၊ ၁၉၈၈ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့ အာဇာနည်အထိမ်းအမှတ် စာအုပ်ကလေး၊ ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ဝေတဲ့စာအုပ်လေးထဲမှာ ’Our Fallen Leader’ ဟူသည့် ထိုနေ့ ထိုအဖြစ်အပျက်အကြောင်း ရေးထားတာကို ယခုလိုတွေ့လိုက်ရသည်။ “ကာဘရိုက်တာ သေနတ် ရဲ့ စူးရှတဲ့ အသံရယ်၊ လေးလံထူထပ်တဲ့ မီးခိုးငွေ့တွေက အဲသည်အခန်းထဲက ထိုးထွက်လာကြတယ်။” (အဲသည် ဇာတ်ဝင်ခန်းကို The Lady ဆိုသည့်ု ရုပ်ရှင်ထဲ ထည့်ရိုက်ထားလိုက်ပုံကတော့ တက်တက်စင်အောင် လွဲနေတယ်လို့ ဆိုရမှာပဲ။ ကျွန်မတို့ရဲ့ ဗိုလ်ချူပ်ကို လက်မ အနည်းငယ်အကွာလောက်ကနေ ပစ်စတိုသေနတ်နဲ့ ပစ်လိုက်ပုံကို ရိုက်ပြထားလေရဲ့။ အိုး … ကျွန်မ အဲသည်လောက်တော့ သိတယ်။ အဲဒါ ကာဘရိုက်တာ မဟုတ်မှန်း။ ဘယ်အရူးမဆို သိနိုင်တာ။ ကျွန်မတောင် သိတယ်။ အဲသည်ရုပ်ရှင်ထဲက အခန်းက ကျွန်မတို့ရဲ့ သမိုင်းဝင်အဖြစ်အပျက်ကြီး ကို ဖျက်ဆီးပစ်လိုက်တာပဲ။) ရက်စက်ပါတယ် ဆိုတဲ့ ထိုနေ့ကို လေးလံတဲ့တိမ်လိပ်တွေ၊ လျပ်စီးမိုးကြိုးတွေ၊ မိုးသားတွေက ထပ်မံဖြည့်စွက်လိုက်တာ တတိုင်းပြည်လုံးကို ပို၍ ပို၍ ကြေကွဲဖွယ်ဖြစ်အောင် ဖန်တီးလိုက်ပြန်လေသည်။ ကျွန်မ၏အဘွားးက ပြောတာကတော့ ထူထပ်တဲ့ မိုးသားတိမ်လိပ်ကြီးတွေ သူတို့ပေါ် ဖိနှိပ်ထားလိုက်တာ ပြန်ပြီး မရုပ်သိမ်းတော့တဲ့ အတိုင်းပဲ တဲ့။ ဆိုးရွားတဲ့ သဘာဝတရားကြီးက တတိုင်းပြည်လုံးကို ပိုပြီးထိတ်လန့် တုန်လှူပ်သွားစေသတဲ့။ ထိုကဲ့သို့သော ၀မ်းနည်းစရာများ ရှိနေသော်လည်း ဘ၀သည် ဆက်လက်ဖြတ်သန်းနေပါသည်။ အချိန်သည် ကုစားပေးလိုက်သလို အစစအရာရာ ပုံမှန်ဖြစ်သွားသည်။ ရာသီစက်ဝန်း တပတ်လည်နေသလို ထိုနေ့သည်လည်း နှစ်စဉ် တပတ်ပြန်လည်လာပါသည်။ ကျွန်မက ထိုနေ့ကို ကလေးတွေ တွေးသလို ကျောင်းပိတ်ရက်ဟု မှတ်မိနေမိသလို ကျွန်မတို့၏ သူရဲကောင်းများ ဆုံးရှုံးရလို့ တတိုင်းပြည်လုံး မျက်ရည်ကျကာ ကြေကွဲခဲ့ရသော နေတစ်နေ့လည်း ဖြစ်ပါသည်။ အချိန်သည် မျက်ရည်စများကို သစ်တုံးလို ခြောက်သွေ့သွားအောင် လုပ်နိုင်သလို ကျွန်မတို့၏ နှလုံးသားများကိုလည်း ရေခဲလို အေးစက်သွားအောင် ဖန်တီးလိုက်နိုင်ပါသည်။ သို့သော် ညှာတာမှုမရှိစွာ ရွာသွန်းနေသောမိုးနှင့် ကြမ်းတမ်းစွာ တိုက်ခတ်နေသော လေပြင်းကို အခု သည်ဆောင်းပါးရေးနေသောအခိုက်မှာ ပြူတင်းပေါက်ကနေ လှမ်းမြင်နေရပါသည်။ ထိုနေ့ ထိုရက်က ကျခဲ့သော မျက်ရည်များကို စိတ်ကူးနှင့်သာ ပုံဖော်နိုင်သော်လည်း ၁၉၄၇ ဇူလိုင်လ ၁၉ ရက်နေ့တုန်းက ရွာခဲ့သောမိုးကိုတော့ အခုလက်တွေ့ ခံစားနေရပါသည်။ (The Unforgettable အမည်နဲ့ ကျွန်မအင်္ဂလိပ်လိုရေးသားထားသောThe Unforgettables ဟူသောဆောင်းပါးကို ဘာသာပြန်ကာ စာဖတ်သူများအတွက် တင်ဆက်လိုက်ပါသည်။) (မိုးမခသတင်းက ပြန်လည် ကူးယူဖော်ပြပါတယ်။ သူ့ဘလောက်က ယူတယ်) Photo Credit - http://www.layoutsparks.com/1/37812/red-rain-clouds-fall.html Labels: Junior WIn, Memories
cartoon Thaw Ka memorial 2012ကာတွန်း သော်က (အရိုင်း) အမှတ်တရ ပြပွဲ ဓာတ်ပုံသတင်း နှင့် ကာတွန်းများ ဇူလိုင် ၂၁၊ ၂၀၁၂ ![]() ပြပွဲတွင် ရောင်းချမည့် အမှတ်တရ တီရှပ် ကွယ်လွန်သူ ကာတွန်းဆရာကြီး သော်က အမှတ်တရပြပွဲကို ယခုလ ၂၇ ရက်နေ့မှ ၃၁ ရက်နေ့အထိ ရန်ကုန်မြို့ ယောမင်းကြီးလမ်း (ယောက်လမ်း) ရှိ Gallery 65 တွင် ပြသမည်ဟု သိရသည်။ ကာတွန်းသော်က၏ ကာတွန်းစာအုပ်များ ဒေါင်းလုတ် လုပ်ရန် - အ ရိုင်းပါဝင်သော ပုံသေကားကျ (လုံးချင်းကာတွန်း PDF ဖိုင်)အရိုင်းပါဝင်သော လိပ်ကမ္ဘာ (လုံးချင်းကာတွန်း PDF ဖိုင်) ![]() မဂ္ဂဇင်းကာတွန်းများ - Labels: Cartoon Box, News in Photos
fake Shwe Mann Ko Ko?ရွှေမန်းကိုကိုအမှုမှ ခေါင်းဆောင်ဟုယူဆရသူ လွတ်မြောက်နေဆဲ The Street View ဂျာနယ် ဇူလိုင် ၂၁၊ ၂၀၁၂ ![]() ရွှေမန်းကိုကို (သူရဦးရွှေမန်း၏သမီး အဖြစ် အယောင်ဆောင်သည်ဟု ဆိုသူ)၊ အေးအေးမာ၊ ရဲအောင် တို့ ဆေးမင်ကြောင်ထိုးစဉ်က တွေ့ရပုံ။ ရွှေမန်းကိုကို တဦးတည်းသာ အဖမ်းခံနေရသည်ဟု ဆိုသည်။ ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်း၏ သမီးဖြစ်သူ အဖြစ် ဟန်ဆောင်လိမ်လည်နေသူ အမျိုးသမီးငယ်တစ်ဦးအား ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ဖမ်းဆီးရမိထားသော်လည်း အဆိုပါ လိမ်လည်မှုများအား အဓိက ကြိုးကိုင်လှုပ်ရှားသူ ရဲအောင်(ခ)ရဲဇော်အောင် နှင့် အပေါင်းအပါများ လွတ်မြောက်နေဆဲ ဖြစ်ကြောင်းသိရသည်။ ရွှေမန်းကိုကို ဟု လိမ်လည်နေခဲ့သော မ ရွှေမန်းကိုကို (ခ) မြင့်သူဇာခိုင် (ခ) ငယ်လေး}အား ကမာရွတ်ရဲစခန်းမှာ (ပ)၂၇၃၊၁၂ သွင်းကုန်ထုတ်ကုန် အက်ဥပဒေ ပုဒ်မ ၅(၁) ၅(၃) ဖြင့်၎င်း နိုင်ငံသားစီစစ်ရေးကဒ်ပြား အတုပြုလုပ်မှု (ပ) ၂၇၁ ၊၁၂ ပုဒ်မ ပုဒ်မ၄၂၀၊၄၆၈ တို့ဖြင့် ဇူလိုင်လ (၄) ရက်နေ့တို့တွင် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်းသိရသည်။ သူရဦးရွှေမန်းဧ။် သားသမီးဖြစ် အရောင်ဆောင်၍ လိမ်လည်မှုများတွင် ဒေါက်တာ ရွှေမန်းကိုကို ဟု အယောင်ဆောင်မှုမှာ တစ်ချို့နေရာများတွင် သားဖြစ်သူဟန်ဆောင် ပြီး တစ်ချို့နေရာများတွင် သမီးဖြစ် ဟန်ဆောင်လေ့ရှိကြောင်း အဆိုပါကဲ့သို့ လိမ်လည်မှုများမှာ လွန်ခဲ့သောနှစ်အနည်းခန့်ကပင် လိမ်မှုခံခဲ့ရသူများ ရှိခဲကြောင်း အလိမ်ခံခဲ့ရသူ အချို့ထံမှ စုံစမ်းသိရသည်။ အဆိုပါ လိမ်လည်မှုများအား အဓိက ဦးဆောင်သူ ရဲအောင်(ခ) ရဲဇော်အောင် မှာ၎င်းတို့အဖွဲ့အား(long life) ဟု အမည်ပေးထားပြီး ၄င်းကိုယ်တိုင်ပင် သူရဦးရွှေမန်း၏ သားဖြစ်ဟန် အယောင်ဆောင်၍ လိမ်လည်မှုများ ရှိခဲ့ကြောင်းသိရသည်။ ရွှေမန်းကိုကို ဟူ၍ အယောင်ဆောင်လိမ်လည်မှုများ တွင် ပါဝင်ခဲ့သူများ တွင် ရွှေမန်းကိုကို(ခ)မြင့်သူဇာခိုင်သာ ဖမ်းမိထားပြီး ကျန်ရှိသူများ လွတ်မြောက်နေဆဲ ဖြစ်ကြောင်းသိရသည်။ Labels: Burma News Headlines
Ashin Pyinnya Nanda - Bogyoke in our heartရင်ထဲကဗိုလ်ချုပ်
အရှင်ပညာနန္ဒ၊ ဇူလိုင် ၂၁၊ ၂၀၁၂
မြင်ကွင်း (၁)
အာဇာနည်နေ့အခမ်းအနား မကျင်းပဖြစ်တာ (၂)နှစ်ရှိပြီ။ ခရီးလွန်နေတာနဲ့၊ အခြားသောကိစ္စတွေရယ်ကြောင့် ဆိုပါတော့။ ဒီနှစ်တော့ အကောင်းဘက်ကို ဦးတည်လာနေပါပြီ၊ ပြောင်းလဲလာနေပါပြီ ၊ အတော်အသင့် လွတ်လပ်ပါပြီလို့ ပြောနေကြတဲ့ ဦးသိန်းစိန်အစိုးရလက်ထက် (အချို့နေရာတွေမှာ) အာဇာနည်နေ့ ကျင်းပခွင့်မပြုကြောင်းသတင်းတွေ ဟိုက ဒီက ဖတ်ရကြားရ သတင်းတွေနားထောင်နေရလို့ အာဇာနည်နေ့အခမ်းအနားလုပ်ဖြစ်အောင် သတိပေးသလိုဖြစ်သွားပါတယ်။
ဘာလိုလိုနဲ့ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည်ခေါင်းဆောင်ကြီးတွေ လုပ်ကြံခံရတာ (၆၅) နှစ်တိုင် ကြာမြင့်ခဲ့ပြီဖြစ်ပေမယ့်လည်း ပြည်သူတွေရဲ့ရင်ထဲမှာ ဗိုလ်ချုပ်ကိုသတိရဆဲ တမ်းတဆဲ ချစ်ခင်မြဲ ဖြစ်နေတာကတော့ တကယ့်ကို အံ့သြ၀မ်းသာစရာပါ။ ဗိုလ်ချုပ်တို့အကြောင်း စာအုပ်တွေဖတ်ရ သတင်းတွေနားထောင်ရတာ ငြီးငွေ့တယ်ရယ်လို့ မရှိလှ၊ အမြဲတမ်း စိတ်ဝင်တစားဖတ်ဖြစ် နားထောင်ဖြစ်ပါတယ်။
ဗိုလ်ချုပ်တို့်လို တိုင်းပြည်အတွက် ကိုယ်ကျိုးစွန့်အနစ်နာခံ အသက်ပေး ဆောင်ရွက်နေသူတွေ အတွက်တော့ သေသောသူကြာရင်မေ့ဆိုတဲ့မြန်မာစကားပုံဟာအသက်မ၀င်လှပေဘူး။ နှစ်ပေါင်း (၆၅) တိုင် ကြာခဲ့ပေမဲ့ ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ အာဇာနည်ခေါင်းဆောင်ကြီးတွေရဲ့  ဂုဏ်ပုဒ်တွေကို ကို ပြည်သူလူထုက ဘာကြောင့်များယနေ့အချိန်ထိ မမေ့ပျောက်ဘဲရှိနေတာပါလိမ့်လို့ စဉ်းစားရင်း ဖတ်ခဲ့ဖူးတဲ့ နီတိဂါထာလေးတပုဒ်ကို သွားပြီးသတိရမိတယ်။
ဂုဏာ ဂုဏညူသု ဂုဏာ ဘ၀န္တိ၊ တေနိဂ္ဂုဏံ ပါပျ ဘ၀န္တိ ဒေါသာ။
အဿာဒ တောယာ ပသ၀န္တိ နဇော၊သမုဒ္ဒ မာသဇ ဘ၀န္တု ပေယျာ။ ။
ဆိုလိုရင်းက ကျေးဇူးဂုဏ်ကိုသိကြတဲ့ပုဂ္ဂိုလ်အတွက်မှ ဂုဏ်ဆိုတာဖြစ်တာပါတဲ့၊ ကျေးဇူးတရားမသိသူတွေ၊ တနည်းအားဖြင့်ပြောရရင် ကျေးဇူးကန်းတတ်တဲ့ပုဂ္ဂိုလ်တွေအတွက်တော့ ဂုဏ်မဖြစ်ဘဲ အပြစ်တွေဘဲဖြစ်နေတတ်ပါတယ်တဲ့။
သူပေးထားတဲ့ ဥပမာလေးကလည်းအကောင်းသား။
မြစ်ရေဟာရေချိုပါဘဲတဲ့။သောက်လို့ သုံးလို့ရပါတယ်။ဒါပေမဲ့ အဲဒီမြစ်ရေတွေဟာ သမုဒ္ဓရာထဲ ရောက်သွားပြီ ဆိုရင်တော့ ရေငန်တွေဖြစ်သွားပြီး သောက်လို့ သုံးလို့မကောင်းတော့ပါဘူးတဲ့။
ဒီဥပမာလေးက မြန်မာစစ်ခေါင်းဆောင်ဆိုသူတွေအတွက်များ ရေးခဲ့လေသလားလို့တောင် ထင်စရာပါဘဲ။ ခေါင်းဆောင်ကြီးတွေရဲ့ ဂုဏ်ကျေးဇူးတွေကိုသိသူတွေက အာဇာနည်နေ့ရောက်တိုင်း ခေါင်းဆောင်ကြီးတွေရဲ့ ဂုဏ်ပုဒ်တွေကိုဖော်ထုတ်ပြီး အလေးပြုကြ ချီးမွမ်းကြပေမဲ့ စစ်တပ်ကိုယ်တိုင်က တပ်မတော်ဖခင်ကြီးကို အသိအမှတ်မပြုချင်တာ အလေးအနက်မထားဘဲ လစ်လျူရှုခဲ့ကြတာတွေကတော့ စစ်တပ်အတွက် သိက္ခာကျစရာ အရှက်ရစရာတွေဖြစ်ပါတယ်။
တိုင်းပြည်လွတ်လပ်ရေးရအောင် မနေမနား အသက်စွန့်ဆောင်ရွက်ခဲ့ပြီး တပ်မတော်ကို တည်ထောင်ခဲ့သူကြီးဖြစ်တဲ့ တပ်မတော်ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းကို မြန်မာစစ်ခေါင်းဆောင်တွေ ကိုယ်တိုင်က အလေးအနက်မထား ကျေးဇူးကန်းနေတာတွေဟာ ကျေးဇူးဂုဏ်ကိုမသိသူတွေအဖြစ် (ဂဠုန်ဦးစောလို) သမိုင်းမှတ်တမ်းမှာ အမဲစက်ကြီးအဖြစ် ကျန်ရစ်ခဲ့မှာကတော့အသေအချာပါ။
မြင်ကွင်း (၂)
ဒီနှစ်တော့ ခေတ်အဆက်ဆက် သမိုင်းကြောင်းဖျောက်လာခဲ့လို့ အာဇာနည့်နေ့ တို့ ဗိုလ်ချုပ်အောင်ဆန်းတို့ ဆိုတဲ့နာမည်လောက်တောင် မကြားဘူးတဲ့ ပြည်ပရောက် မြန်မာကလေးငယ်လေးများအတွက် ဘုန်းကြီးကျောင်းမှာပဲ အာဇာနည်နေ့လုပ်ဖြစ်ပါတယ်။ သူတို့လေးတွေရဲ့ အသက်အရွယ်ကတော့ (၅)နှစ်ကနေ (၁၂)နှစ်အတွင်း ကလေးအရွယ်တွေပါ။
ကလေးအရေအတွက် မများလှပေမဲ့ စိတ်ဝင်တစားနားထောင်နေကြတာကိုကြည့်ပြီး ကျေနပ်မိပါတယ်။ အာဇာနည်နေ့အကြောင်း ဟောပြောပေးတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းတဦး ဖြစ်တဲ့ ကိုအောင်ကျော်မြင့်ကလည်း ကလေးတွေနားလည်အောင် အင်္ဂလိပ်လိုတမျိုး မြန်မာလိုတသွယ် ရှင်းပြပေးပါတယ်။
(၁၅) မိနစ်လောက်လောက် ဟောပြောပြီးတော့ မေးချင်တာမေးကြဘို့ ဖိတ်ခေါ်လိုက်ပါတယ်။ မထင်မှတ်ဘဲ တယောက်ပြီး တယောက် လက်ထောင်ပြနေတာတွေ့လို့တအံ့တသြဖြစ်မိပါတယ်။ အဲဒီလောက် စိတ်ဝင်တစားရှိမယ်လို့ ထင်မထားမိတာကြောင့်ပါ။ ဒီမှာမွေးတဲ့ကလေးတွေ ဆိုတော့လည်း သူတိုအလေ့အကျင့်အတိုင်း မေးခွန်းမေးဘို့ကလည်း ၀န်မလေးလှဘူး၊ ရှက်တာ ကြောက်တာ မ၀ံ့မရဲဖြစ်နေတာ သူတို့မျက်နှာမှာမတွေ့ရ။ သူတို့သိချင်တာကို လွတ်လွတ်လပ်လပ် မေးတော့တာပါဘဲ။
မေးတဲ့မေးခွန်းတွေထဲမှာ ကရင်တိုင်းရင်းသားလေး အယ်ကပေါရဲ့ မေးခွန်းလေးကတော့ ရင်ထဲမှာ အထိခိုက်ဆုံး ခံစားရပါတယ်။
ဗမာစစ်တပ်က သူတို့ကရင်လူမျိုးတွေကို ဘာဖြစ်လို့သတ်နေတာပါလဲ?
ဘာကြောင့် သူတို့ကရင်တိုင်းရင်းသူတွေကို မုဒိမ်းကျင့်နေရတာပါလဲ … တဲ့။
ထိခိုက်ကြေကွဲစွာ ခံစားချက်ပါပါနဲ့ မေးနေတယ် ဆိုတာ သူ့မျက်နှာမှာ အထင်းသားတွေ့လိုက်ရပါတယ်။ တိုင်းရင်းသားကလေးတွေရဲ့ ရင်ထဲမှာ အရွယ်နဲ့မလိုက်အောင် ဗမာစစ်တပ်ရဲ့ လူမဆန်တဲ့လုပ်ရပ်တွေက သူတို့လေးတွေရဲ့ ရင်ကိုနာကျင်စေခဲ့ပြီး တိုင်းရင်းသားအချင်းချင်းကြားမှာ အမုန်းတံခါးကြီး ဖွင့်လိုက်သလို ဖြစ်စေပါတယ်။ အနာဂတ်အတွက် ကောင်းတဲ့ အတွေ့အကြုံ မဟုတ်တာကတော့ သေချာပါတယ်။ တကယ့်ကိုသတိထားစရာတွေပါ။
သူတို့အရွယ်နဲ့ သူတို့မေးတဲ့ခွန်းတွေကို စိတ်ဝင်စားမယ်ထင်လို့မျှဝေပေးလိုက်ပါတယ်။
မေးခွန်းများ
(၁) Burmaကနေ Myanmarလို့ ဘာကြောင့်ပြောင်းတာပါလဲ။
(၂) ဗမာစစ်တပ်က ကရင်လူမျိုး (တိုင်းရင်းသား)တွေကို ဘာကြောင့် သတ်နေတာပါလဲ။
(၃) ကရင်အမျိုးသမီးတွေကို ဘာကြောင့် မုဒိမ်းကျင့်နေကြတာပါလဲ။
(၄) ဒေါ်အောင်ဆန်းစုကြည်က တိုင်းပြည်အတွက် ကောင်းတာတွေလုပ်နေပေမဲ့ ဘာကြောင့် စစ်သားတွေ (စစ်အာဏာရှင်)တွေက ဖမ်းဆီး ထောင်ချခဲ့တာလဲ။
(၅) ထောင်ထဲမှာ ဘယ်လို အိမ်သာသွားရသလဲ။ (ကလေးများအားလုံးရယ်မောကြ)
(၆) လူနေတဲ့အခန်းထဲမှာ အိမ်သာတက်တော့ အခြားသူတွေက မကြည့်ကြဘူးလားတဲ့။ (တ၀ါးဝါးတဟားဟား ရယ်မောကြ)
အဲဒါတွေကတော့ သူတို့သိချင်တဲ့ မေးခွန်းတွေပါဘဲ။ သူတို့မေးခွန်းတွေက သူတို့ရဲ့ ဟန်ဆောင်မှုကင်းတဲ့ သူတို့ရင်ထဲကလာတဲ့ မေးခွန်းတွေ ဆိုတာကတော့ တကယ့်ကို သေချာပါတယ်။
အာဇာနည်နေ့အခမ်းအနားကို ကြွရောက်လာတဲ့ကလေးမင်း (လူကြီးမင်းများမဟုတ်) များကို Coca Cola (Coke) တလုံးစီ(ချော့) ပေးပြီး ညနေ(၅)နာရီမှာ အောင်မြင်စွာ ရုပ်သိမ်းလိုက်ပါကြောင်း။ ။
(အောက်ပါကဗျာလေးနဲ့ စာကို နိဂုံးချုပ် လိုက်ပါတယ်)
သမိုင်းမှာ မင်းတရားခံဖြစ်မယ် (တင်မိုး)
မင်းမမှန်ရင်
မင်းတရားခံဖြစ်မယ်၊ ငါမမှန်ရင် ငါတရားခံဖြစ်မယ်၊ တရားဆိုတာ … ညှာလဲမညှာ၊ ညာလဲမညာ သာစေ နာစေမရှိ ပကတိ သူ့သဘောသူ ဆောင်ခြင်းပဲ။ ဒီနေ့ မင်းရဲ့လုပ်ရပ်ဟာ နောင်နေ့ မင်းရဲ့အတ္ထုပ္ပတ်။ ဒီနေ့ မင်းရဲ့လုပ်ရပ်ဟာ နောင်နေ့ မင်းရဲ့အနာဂတ်။ မပတ်သက်ချင်လို့ မရ မစပ်ဆက်ချင်လို့ မရ။ မင်းဘဝကို မင်းကသာပြဌာန်းတယ်။ မင်း ဘာလဲ မင်း ဘယ်သူလဲ မင်းဟာ မင်းပဲ။ ။ Kyaw Home - Poemကျောက်ခတ်ည
ကျော်ဟုန်း
ဇူလိုင် ၂၀၊ ၂၀၁၂ ![]() ငါတို့ရဲ့ည ဘာသာမပြန်နိုင်သေးတဲ့ည ဘာသာမဖလှယ်နိုင်သေးတဲ့ည ဘာသာစုံရောနေတဲ့ည (မလှ) ။ မြူတွေနဲ့ ယမ်းငွေ့ အမွှာညီနောင်ဖြစ်နေတဲ့ ည ရေသောက်မြစ်ကို အကဲစမ်း လှဲဖြိုတဲ့ ည ခေတ်သစ် ချစ်တီးများ မြေယဉ်တွေစားတဲ့ ည ကြယ်တွေခြံရံနေတဲ့ လကိုမျှော်လင့်နေဆဲ ည ငါတို့ညတွေမှာ လမသာသေးပါ။ ဖြူစင်သူတွေရဲ့မျက်ရည်စက်များ စတေးထားတဲ့ ည စာနာသူတချို့ရဲ့ အားဆေးများနဲ့  ဆင်ပါးစပ်နှမ်းပက် ည နေနိုင်သူတချို့ရဲ့ ရက်စက်ခြင်းများနဲ့ လျစ်လျူရှုခံ ည ကြယ်တွေခြံရံနေတဲ့လကို တမ်းတနေဆဲ ည ငါတို့ညတွေဟာ ဆေးပေါင်းမခသေးပါ။ ဗုဒ္ဓ သား/သမီးတော်တချို့ လူဝတ်ကြောင်နဲ့ မျက်နှာငယ်ရတဲ့ ည မီးပြာရောင်အောက် ဖန်ခွက်သံယဉ်ကျေးမှုထွန်းကားတဲ့ ည အလမ္ပာယ်ဆရာရဲ့ မာယာပွေသံ တွန်ကြူးတဲ့ ည ကြယ်တွေခြံရံနေတဲ့ လကို ရော်ရမ်းနေဆဲ ည ငါတို့ညတွေများ တိမ်မည်းမစင်သေးပါ။ စက်ခေါင်းတိုင်က မီးခိုးကြွတဲ့ ည ခြံစည်းရိုးတွေ ပိုးစားခံရဆဲ ည ရွှေဗဟိုရ်စည်ကြီး ကြွက်ဖောက်နေဆဲ ည ကြယ်တွေခြံရံနေတဲ့ လကို မှန်းဆနေဆဲ ည ငါတို့ညတွေကို ထမင်းဆီဆမ်းရွှေလင်ပန်းနဲ့ မပူဇော်နိုင်သေးပါ။ ငါတို့ညများ လမသာ တိမ်မည်းဖုံး ဆေးပေါင်းမခသေးလဲ ညပြီးရင် နေ့ရောက်မြဲကို သိထားလဲ ညကို ညလိုလှဖို့ ညကို မီးစုံထွန်းစို့ ကျောက်ပဲရှိရင် ကျောက်ချင်းခတ် ကျောက်ချင်း ခတ်ရဲကြစေတို့ ....။ illustration - Aung Htet Labels: ကျော်ဟုန်း
Letter to Moemakaပြည်ထောင်စုမြန်မာနိုင်ငံတော် သမ္မတကြီးဦးသိန်းစိန်ထံ အိတ်ဖွင့်ပေးစာ (မိုးမခပေးစာ)
ပညာရေးဝန်ထမ်းတစ်ဦး
ဇူလိုင် ၂၀၊ ၂၀၁၂
နိုင်ငံတော် သမ္မတကြီး စိတ်၏ချမ်းသာ၊ ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံပါစေလို့ ဦးစွာပထမဆုတောင်းမေတ္တာပို့သလိုက်ပါတယ်။
ယနေ့ (၂၁) ရာစု၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အစိုးရသစ်လက်ထက်တွင် နှစ်ပေါင်း (၂၀) ကျော် မြန်မာနိုင်ငံ၏ လူမှုရေး၊ စီးပွား ရေးနှင့် နိုင်ငံရေးစသည့် ကဏ္ဍအစုံကို အာဏာရှင်စနစ်ဖြင့် ချုပ်ကိုင်လာမှုကို ပယ်ဖျက်ပြီး လွတ်မြောက်ခြင်းကဏ္ဍသစ်နှင့် တိုးတက်ဖွံ့ဖြိုးကို လမ်းဖွင့်ပေးပါသော နိုင်ငံခေါင်းဆောင်ပီသပါသဖြင့် ယခုလို ပြည်သူများမေတ္တာကို ပို့သလိုက်ရပါသည်ခင်ဗျာ ...။
မြန်မာနိုင်ငံအပါအ၀င် ကမ္ဘာ့နိုင်ငံအသီးသီးနှင့် ဒေသအဖုံဖုံတို့သည် ပြောင်းလဲခြင်း (change) ဟူသော ခေတ်ရေစီးကြောင်းအတွင်း ရာစု နှစ်၏တောင်းဆိုမှုကို ပြောင်းလဲနေချိန်ဖြစ်ပါသဖြင့် လိုက်ပါစီးဆင်းပြောင်းလဲလျှက် ရှိပါသည်။ မည်သည့်အပြောင်းအလဲမဆို ပြောင်းလဲမှုဖြစ် ပြီဆိုလျှင် ပြောင်းလဲမှုနှင့် အံဝင်ဂွင်ကျမည့် ပြုပြင်ပြောင်းလဲမှုများ လိုအပ်ပါသည်။ ပြောင်းလဲခြင်းနှင့် ပြုပြင်းခြင်းသည် အစဉ်ဒွန်တွဲလျှက် ရှိ ပါသည်။ ဆိုလိုသည်မှာ ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုနှင့် စိတ်ပိုင်းဆိုင်ရာပြောင်းလဲမှုသည် သီးခြားမရှိသင့်၊ အစဉ်ဒွန်တွဲလျှက် ရှိသင့်သည်။
အခြေခံပညာရေးကဏ္ဍ၏ သမိုင်းစဉ်အရ ပြန်၍ နောက်ကြောင်းပြန်ရလျှင် ၁၉၈၀ ခုနှစ်ခန့်ကတည်းက ပညာရေးကဏ္ဍတခုလုံးကို ကိုင်တွယ် ခဲ့သည့် အပေါ်ထပ်အဆောက်အအုံတွင် စစ်မှုထမ်းများဖြစ်ခဲ့သည်။ မှတ်မိပါသေးသည်။ ပညာရေးပြုပြင်ပြောင်းလဲသင့်ပြီဟူသော ကြွေးကြော်မှုဖြင့် ထင်ရာစိုင်းသော ပညာရေးမူဝါဒများ ချမှတ်ခဲ့သည်။ အဌမတန်း (၈) တန်းနှင့် စတုတ္ထတန်း (၄) တန်း စာသစ်ဘုတ်အဖွဲ့များနှင့် စနစ်တို့ ဖျက်သိမ်းခဲ့ပါသည်။
ဒသမတန်းတစ်တန်းတည်းသာ နိုင်ငံတော်စာစစ်အဖွဲ့ဖွဲ့၍ စစ်ခဲ့သည်။ ထိုအချိန်မှစ၍ အခြေခံပညာရေးစနစ်၏ အရည်အသွေး မထိန်းနိုင် မသိမ်းနိုင်ဖြစ်ခဲ့ရသည်။ စစ်ဗိုလ်ဝန်ကြီးက ပညာရှင်များကို ခန့်ထားတာဝန်ပေးခဲ့သော်လည်း ၁၉၈၈ ခုနှစ်နောက်ပိုင်း ဒုတိယ၀န်ကြီးများ (အခြေခံပညာ) ကို စစ်ဖက်ဘောင်းဘီဝတ်များကို ပြောင်းလဲခဲ့သည်မှာ ယနေ့တိုင် ဘောင်းဘီမချွတ်နိုင်သေးပါ။ ထားပါဦးတော့ ..။ ဒုတိယ ၀န်ကြီး စစ်ဘက်သားတို့အောက်တွင် ထားရှိသည့် အခြေခံ၊ စာစစ်၊ သုတေသန၊ မြန်မာစာ စသည့် ဦးစီးဌာနများ၏ ညွှန်ကြားရေးမှူးချုပ်/ဒုချုပ်/ ညွှန်မှူး ရာထူးများကိုလည်း ဗိုလ်မှူးချုပ်၊ ဗိုလ်မှူးကြီး၊ ဗိုလ်မှူးနှင့် ဗိုလ်ကြီးအဆင့်များကို ခန့်အပ်ခဲ့သည့်စနစ်သည် ယနေ့တိုင် ပြီးဆုံးခြင်း မတိုင်သေးပါ။ အခြေခံပညာဦးစီး (၄) ခုတွင် စားလိုက်ကြ၊ ၀ါးလိုက်ကြနဲ့ ပွဲတော် "ဘုန်းကြီး" သဖွယ် မြိန်မြိန် ဘုန်းပေးနေ လိုက်ကြတာ ယခုဆိုလျှင် ညွှန်ချုပ်တဦးလျှင် နန်းတော်တမျှ ကြီးကျယ်ခမ်းနားသည့် အိမ်ကြီး အိမ်ကောင်းများ ရှိနေကြပါပြီ။ သားသမီးများနှင့် ညီငယ်များဆိုလျှင် ကားကြီး၊ ကားငယ်၊ မယားကြီး၊ မယားငယ်များနှင့် ဇိမ်ခံနေကြပါပြီလို့ ပြောချင်ပါတယ်။
နိုင်ငံတော်က ချပေးလိုက်သည့် ဘဏ္ဍာငွေများမှာလည်း ပညာရေးကိစ္စများကို အပြည့်အ၀ဆောင်ရွက်ခြင်းမရှိဘဲ၊ ဆောက်လုပ်ရေးလုပ်ငန်း များကိုသာ ဦးစားပေးဆောင်ရွက်ကြပြီး ကန်ထရိုက်များထံမှ ရာခိုင်နှုန်းယူပြီး ကြီးပွားနေကြပါတယ်။ ဆောက်လုပ်သည့် ကျောင်းများမှာတော့ ခိုင်ခန့်တောင့်တင်းမှုမရှိပဲ ပြီးစလွယ်ဆောက်ထားကြပါသည်။
အဆင့်မြင့်ပညာဘက်မှ ညွှန်ချုပ်များသည်လည်း ရရှိသည့်ဘဏ္ဍာငွေကို တက္ကသိုလ်အတွက် အကျိုးရှိမည့် လုပ်ငန်းများတွင် သုံးစွဲခြင်းမရှိဘဲ ကိုယ်ကျိုးရှာ၊ လူကြီးကို အိမ်ဆောက်ပေး၊ လိုအပ်တာလုပ်ပေးပြီး နေကြပါသည်။ တက္ကသိုလ်အင်္ဂါရပ်နှင့်ညီသည့် တက္ကသိုလ်မရှိသလောက်ပါ ဘဲ။ အခွင့်အရေးမျိုးစုံရယူပြီး ပြောဆိုမရသည့် ပါချုပ်များကိုမူ ဝေးလံသည့်ဒေသများသို့ ပို့ထားပြီး ဆရာမွေး၊ တပည့်မွေးများပြုလုပ်ကာ နီးစပ်ရာကို ရာထူးတိုးပေးလျှက်ရှိပါသည်။
ပညာရေးဌာန (အခြေခံပညာ) ၀န်းထမ်းအပိုင်းကို တင်ပြပါရစေ။
- အထက်တန်းပြ လုပ်သက် (၇) နှစ်ပြည့်မှ အလယ်တန်းကျောင်းအုပ် လျှောက်ထားပိုင်ခွင့်ရှိပါသည်။
- အလယ်တန်း ကျောင်းအုပ် (၇) နှစ်ပြည့်မှ အထက်တန်းကျောင်းအုပ် လျှောက်ထားပိုင်ခွင့်ရှိပါသည်။
- အထက်တန်း ကျောင်းအုပ် အနည်းဆုံး (၃) နှစ်ပြည်မှ မြို့နယ်ပညာရေးမှူးနှင့် မြို့နယ်ပညာရေးမှူး အနည်းဆုံး (၂) နှစ်ပြည့်မှ ရုံးချုပ် (ဦးစီးအရာရှိ) တာဝန် ထမ်းဆောင်ခွင့်ရရှိကြသည်။
သို့သော် ယနေ့သာမန်အရပ်သားများနှင့် အရပ်သားဇနီး၊ သား/သမီးများက အထက်ပါရာထူးမျိုး အချိန်ကိုက်မရရှိကြပါ။ ထိုနည်းတူ ဦးစီး ဌာနတွင် စစ်ဘက်ညွှန်ချုပ်ကြီးများက ကြီးစိုး၊ စိုးမိုးသဖြင့် ၎င်းတို့နှင့်ပတ်သက်သော ဗိုလ်ကြီး၊ ဗိုလ်မှူးများကို တန်းစီ၍ ဦးစီးအရာရှိ၊ လက်ထောက်ညွှန်ကြားရေးမှူး (ဒုညွှန်မှူးနှင့် ညွှန်မှူးရာထူး) များကို တန်းပြီးပေးသဖြင့် နှစ်ရှည်ကြာမြင့်စွာလုပ်ကိုင်ခဲ့သော ၀န်ထမ်းများအနေ ဖြင့် လွန်စွာနစ်နာလျှက် ရှိပါသည်။
ဘောင်းဘီဝတ်စစ်ဘက်ဝန်ထမ်း (၂) သီးစားများဖြစ်သည့် ဒုဝန်ကြီး၊ ညွှန်ချုပ်၊ ဒုချုပ်နှင့် ညွှန်မှူးများသည် ပတ်သက်ရာပတ်သက်ကြောင်း စစ်မှုထမ်းများ၏ သားသမီး၊ သားမက်များကို ရာထူးတိုးပေးခြင်း၊ နီးစပ်ရာ ကျောင်းကောင်းကြီးများသို့ ရာထူးနေရာလစ်လပ်မှုမရှိဘဲ (ရာထူးပို) ဖြင့် ခန့်ထားပေးလျှက်ရှိပါသည်။ သာမန်အရပ်သားများ၏ သား/သမီး ဆရာမများ အနားမကပ်ရဲပါခင်ဗျား။
လက်ရှိအခြေအနေကို သုံးသပ်ရလျှင် တပ်မတော်မှ ပြစ်မှုဆိုင်ရာအကြောင်းမျိုးမျိုးဖြင့် အရေးယူခံခဲ့ရသော စစ်မှုထမ်း ဗိုလ်မှူးချုပ်၊ ဗိုလ်မှူး ကြီး၊ ဗိုလ်မှူး၊ ဗိုလ်ကြီးများသည် ပညာရေးဌာနတွင် ညွှန်ချုပ်၊ ဒုချုပ်၊ ညွှန်မှူးနှင့် ဒုညွှန် စသည့်ရာထူးများကိုရယူပြီး (၂) သီးစားလျှက်ရှိပြီး ပညာရေးသဘောတရားနားလည်မှုမရှိဘဲ ဇွတ်တရွတ်ဆောင်ရွက်မှုနှင့် လာဘ်စားမှုများ၊ ကြာမြင့်လာသဖြင့် တိုးတက်မှုမရှိ၊ ဆုတ်ယုတ်မှုနှင့် သာ ရင်ဆိုင်နေရသည်မှာ နှစ်ပေါင်း (၂၀) ကျော်ခဲ့ပြီ ဖြစ်သည်။
ပညာရေးဌာနကို စစ်ဘက်မှ အရာရှိကြီးများကိုပို့မည်ဆိုလျှင်လည်း ပညာရေးသဘော၊ ကျောင်းသားသဘောသဘာဝ၊ သင်ကြားရေးသဘော သဘာဝ နားလည်သူများကိုသာ တာဝန်ထမ်းဆောင်စေသင့်ပါသည်။ အုပ်ချုပ်ရေးတစ်ခုတည်းကိုသာ ကျွမ်းကျင်သည့်သူများကို မပို့သင့်ပါ။ ပညာရေးဌာန၏သဘောသဘာဝကိုနားမလည်ဘဲ ကိုယ်ထင်ရာကိုယ်စိုင်းလုပ်ကြသဖြင့် ပညာရေးမတိုးတက်ဘဲ ဆုတ်ယုတ်မှုသာ တိုး တက်လာပါသည်။
သမ္မတကြီးခင်ဗျား ....
နှစ်စဉ်အခြေခံပညာကဏ္ဍနှင့် အဆင့်မြင့်ပညာရေးကဏ္ဍ၊ ပညာရေးဆွေးနွေးပွဲများကို ဘတ်ဂျက်များများသုံး၍ ကျင်းပလျှက် ရှိပါသည်။ အဆိုပါဆွေးနွေးပွဲများတွင် အောက်ခြေကို ရှင်းမပြဘဲ လိုရာကိုဆွဲရေးခဲ့သောစာတမ်းများသာ ဖတ်ပြပြီး လိုသလို ဆုံးဖြတ်ကြပါသည်။ တက်ရောက်လာသူ ပညာရေးဝန်ထမ်းများ၏ ဆွေးနွေးတင်ပြချက်များကို ရယူမှုမရှိပါ။ အဓိက "သင်ရိုး" ဆွေးနွေးပွဲတွင် "လူ" မပြောင်းဘဲ လှေကြီးထိုးရိုးရိုးအတိုင်း လူမပြောင်းသလို "မူ"လည်းမပြောင်းသဖြင့် တိုးတက်မှုမရှိခဲ့တာ ကြာပါပြီ။ ထို့ကြောင့် ဆွေးနွေးပွဲများသည် အကျိုး မရှိပါ။ ငွေကုန်၍ လူပမ်းဖြစ်သည့်အပြင် နွေရာသီတွင်ကျင်းပသဖြင့် တက်ရောက်လာကြသော ဆရာ/ဆရာမကြီးများမှာ ကျန်းမာရေးထိခိုက် ၍ သေဆုံးမှုနှင့်သာ ရင်ဆိုင်ခဲ့ရကြောင်း သာဓကရှိခဲ့ဖူးပါသည်။
ထို့ကြောင့် သမ္မတကြီးအားအကြံပြုလိုသည်မှာ ...
နိုင်ငံတော် အစိုးရသစ်လက်ထက်တွင် ပညာရေးစနစ်ပြောင်းလဲရန် လိုအပ်ပါသည်။ ပညာရေးကဏ္ဍတွင် စနစ်ပြောင်းလဲသူလို လူလည်း ပြောင်းလဲမှ ပညာရေးတိုးတက်ပါသည်။ ၀န်ကြီး၊ ဒုဝန်ကြီး၊ ညွှန်ချုပ်၊ ဒုချုပ်နှင့် အရာထမ်းများသည် ပညာရေးကို နှံ့စပ်နားလည်တတ်ကျွမ်း သိရှိသော အရပ်သားပညာရှင်များ ဖြစ်သင့်ပါသည်။ တပ်မတော်မှကူးပြောင်းလာသည့် စစ်မှုထမ်းများ လုံးဝ (လုံးဝ) မဖြစ်သင့်ပါ။
ထို့အတူ အဆိုပါရာထူးကြီးများတွင် ခန့်ထားတာဝန်ပေးဆပ်သင့်သည့် ပုဂ္ဂိုလ်များ၏နောက်ကြောင်းရာဇ၀င်ရှင်းလင်းမှုကို အဓိကထား စဉ်း စားသင့်ပါကြောင်းနှင့် မျှော်မှန်းထားသော ပညာရေးစနစ်တို့ ကူးပြောင်းလိုပါက ၀ါရင့်၊ သဘာရင့် ပညာရှင်ကြီးများ၊ ပညာရေးဆိုင်ရာ အသိပညာရှင်၊ အတတ်ပညာရှင်များအား ဖိတ်ကြား၍ အကြံဉာဏ်ကောင်းများ ရယူကာ ရလဒ်ကောင်းများအပေါ် မူတည်၍ စနစ်ကူးပြောင်း ဆောင်ရွက်သင့်ပါကြောင်း အကြံပြုရေးသားတင်ပြလိုက်ပါသည်။
-- |
































